အဆုတ်ကင်ဆာကို လေအပူချိန် တိုင်း၍ ခန့်မှန်းနိုင်

အသက်ရှူ ထုတ်လိုက်သည့် လေ၏ အပူချိန်ကို တိုင်းတာပြီး အဆုတ် ကင်ဆာရောဂါ ခန့်မှန်းနိုင် ကြောင်း လေ့လာမှု တစ်ခုအရ သိရသည်။ European Respiratory Society (ERS) ညီလာခံတွင် တင်ပြထားသည့် သုတေသနတွင် ရှူထုတ်လိုက် သည့် လေ၏ အပူချိန်ကို တိုင်းတာ ခြင်းဖြင့် အဆုတ် ကင်ဆာရောဂါကို ရိုးရှင်းစွာ တိုင်းတာနိုင်ကြောင်း သိရသည်။

သုတေသနတွင် လူ (၈၂)ဦး ပါဝင်ခဲ့ပြီး ၎င်းပုဂ္ဂိုလ်များမှာ ဓါတ်မှန် စစ်ဆေးချက်အရ အဆုတ်ကင်ဆာ ရှိ နေသည်ဟု ယူဆခံရသူများ ဖြစ်ကြသည်။ လူနာ (၄၀)ဦးမှာ အသက်ရှူ စစ်ဆေးမှုအပြီး အဆုတ်ကင်ဆာ ရှိ သည်ဟု အဖြေထွက်ပြီး (၄၂)ဦးမှာ အဆုတ်ကင်ဆာမရှိဟု အဖြေထွက်သည်။

အသက်ရှူထုတ်လိုက်သည့် လေအပူချိန်ကို X-Halo ဟုအမည် ပေးထားသည့် သာမိုမီတာဖြင့် တိုင်းတာခဲ့ သည်။ အဆုတ်ကင်ဆာရှိသူ တစ်ဦး ရှူထုတ်လိုက်သည့်လေသည် ကင်ဆာမရှိသူများထက် အပူချိန်ပိုများ သည်။ နှစ်ပေါင်းများစွာ ဆေး လိပ်သောက်ကျင့် ရှိသူများတွင်လည်း လေအပူချိန် နှစ်အလိုက် ပိုများလာ တတ်ပြီး အဆုတ်ကင်ဆာအထိ ဖြစ် ပေါ်လာသည့် အချိန်တွင်မူ အပူချိန် အမြင့်ဆုံးဖြစ်တတ်သည်။

အဆုတ်ကင်ဆာဟု ပိုင်းဖြတ် သတ်မှတ်နိုင်မည့် အပူချိန် အတိအကျကိုလည်း သုတေသီများက တွက်ချက် ပေးထားပြီး အဆုတ်ကင်ဆာကို အလွန်တိကျစွာ ဆုံးဖြတ်ပေး နိုင်မည်ဟုဆိုသည်။

““အဆုတ်ကင်ဆာဟာ ရှူထုတ်လိုက်တဲ့လေမှာ အပူချိန်မြင့်တက်စေပါတယ်။ ဒါကြောင့် အဆုတ် ကင်ဆာ ရောဂါ ရှာဖွေစစ်ဆေးမှုနယ်ပယ်မှာ နည်းလမ်းသစ်တစ်ခု တိုးလာမှာဖြစ်ပါတယ်။

အသက်ရှူခြင်းကနေ အဆုတ်ကင်ဆာရှိ မရှိ စစ်ဆေးနိုင် မည်ဆိုလျှင် လူနာတွေအတွက် စစ် ဆေးမှုခံယူရ လွယ်ကူပြီး စိတ်ဖိစီးမှု ကင်းဝေးကာ ဈေးသက်သက်သာသာ နှင့် ဆရာဝန်တွေအတွက်ပါ စစ်ဆေး ရလွယ်ကူစေမှာ ဖြစ်ပါတယ်”” ဟု ပါမောက္ခ Giovanna Elisiana Carpagnano ကဆိုသည်။


သီဟ
Ref:MDI
Health Updates Journal No. 138
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...