နာလန်ထ ခံတွင်း ပျက်ခြင်းအတွက် နှုတ်မြိန်စာလေးများ

အပြင်း ဖျားနာပြီးတဲ့အခါ၊ ဟိုဟာစားချင် သလိုလို.. ဒီဟာ စားချင်သလိုလို နှင့် စားလိုက်တဲ့ အခါမှာလည်း ပါးစပ်ထဲမှာ ပေါ့ရွှတ်ရွှတ် ကြီးဖြစ်နေ တတ်ပါတယ်။ ဒါကို နာလန်ထ ခံတွင်းပျက်တယ်လို့ ခေါ်လေ့ရှိပါတယ်။ အောက်ပါ နှုတ်မြိန်စာလေးများက နာလန်ထစ ရောဂါ သည် များအတွက် ခံတွင်းတွေ့ စေပါလိမ့်မယ်။

(၁) ရုံးပတီသီးကို ခပ်ပါးပါးလှီး၍ ဟင်းချိုချက် သောက်ပါ။ ၄င်းဟင်းချိုထဲကို ကြက်သွန်ဖြူ၊ ကြက်သွန် နီ၊ ချင်း၊ ငရုတ်ကောင်းမှုန့်  ထဲ့၍ ပင်စိမ်းရွက်များများ ထဲ့ခပ်ပြီး သောက်ပေးခြင်းဖြင့် နာလန်ထ ခံတွင်းပျက် ခြင်းမှ ပျောက်ကင်းကာ အစာစားချင် စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာ ပါလိမ့်မယ်။

(၂) မဆိုသလောက် ခါးသက်သက် အရသာရှိတဲ့ မြင်းခွာရွက်လေးတွေဟာ ထမင်းစားကောင်း တာကြောင့် ခံတွင်း ပျက်သူများကို ခံတွင်းကောင်းစေပါတယ်။ ဒါကြောင့် (က) မြင်းခွာရွက်ကို အတို့ အမြှုပ်စားပေးပါ (ခ) မြင်းခွာရွက် သုပ်၍ သံပုရာရည်အနည်းငယ် ညှစ်စားပါ (ဂ) ကြက်သွန်ဖြူ တပြားရိုက်ကာ ငရုပ်ကောင်းခပ်၍ မြင်းခွာရွက် ဟင်းခါးသောက်ပါ (ဃ) လက်တစ်ဆုတ်စာ ပမာဏရှိသော မြင်းခွာရွက်ပင်များကို အမြစ်ပါအောင်နှုတ်၍ ရေစင်စင် ဆေးပြီးနောက်၊ နွားနို့  ၂၅ ကျပ်သားနှင့် ရောပြုတ်ကျိုပြီး ရလာသော ဆေးရည်ကို တ၀က်တိတိခွဲ၍ နံက်တစ်ကြိမ် ညတစ်ကြိမ် သောက်ပေးခြင်းဖြင့် လျှင်မြန်စွာ အင်အားဖြစ်လာပြီး စားဝင်အိပ်ပျော်လာပါ လိမ့်မယ် (အကယ်၍ နာတာရှည် အိပ်မပျော် သူများအနေဖြင့်လည်း ထိုဆေးရည်ကို တစ်နေ့ နှစ်ကြိမ် သောက်ပေးခြင်းဖြင့် အိပ်ဆေး မလိုဘဲ နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင် ပါတယ်)

(၃) ကြာဟင်းအရွက်ညွန့် လေးများကို ဟင်းချိုချက်သောက်ပေးခြင်းဖြင့် အဖျားသွေး အကုန်အစင်ကျပြီး နလန်ထ မြန်စေပါတယ်။ ဆီးရွှင်ပြီး လေတဖြူးဖြူးနှင့် လေသက်စေပါတယ်။ ၀မ်းပျော့ပျော့ကိုလည်း သွားစေပါတယ်။ (အကယ်၍ ကြာဟင်းရွက် မရရှိပါက၊ ကြွက်နပေါင်းရွက်လေးတွေကို ဟင်းချိုချက် သောက်ပေးနိုင်ပါတယ်)

(၄) ဖန်ခါးသီးစားပါ။ ၄င်းအရသာမှာ စစချင်း ဖန်သလိုလို ခါးသလိုလိုနှင့် နောက်ဆုံး အချိုဓာတ်ကို ပေးစွမ်းနိုင် ပါတယ်( တော်ရုံ သင့်ရုံ အတို့ အမြှုပ်စားပါက ထမင်းမြိန်၍ အာဟာရဖြစ်စေသော် လည်း၊ အလွန်အမင်းစားမိပါက ဆီးချုပ်ဝမ်းချုပ်ဖြစ်စေနိုင်လို့  သတိပြုပါ)

(၅) ချဉ်ပေါင်ရွက်ကို ပုစွန်ခြောက်မှုန့် ၊ မျှင်ငပိ တို့ ဖြင့် ဟင်းချိုချက်၍ ခရမ်းချဉ်သီး နှင့် ငရုပ်သီး စိမ်း အနည်းငယ် ထဲ့သောက်ပါ (သို့ မဟုတ်)ချဉ်ပေါင်ရွက်ကြော် စားပေးပါ။

(၆) အမဲရောင် စပျစ်သီး(အမှည့်)က နာလန်ထစလူနာများကို အချိန်တိုအတွင်းမှာ အားပြန်ပြည့်စေ နိုင်သလို၊ နှုတ်မြိန်ခံတွင်း လိုက်စေပါတယ်။ သကြားပါဝင်မှုနည်းသော စပျစ်ခြောက်များကိုလည်း သင့်တင့်ရုံ စားပေးနိုင် ပါတယ်။ (ဒါ့ပြင် အမဲရောင်စပျစ်သီး မှည့်လေးတွေက ခွဲစိပ်ခန်းဝင်ပြီးနောက် လူနာများကို အနာမြန်မြန်ကျက်စေ ပါတယ်)

(၇) ရခိုင်မုန့် တီ သောက်ပါ။ ရခိုင်မုန့့်တီထဲမှာ ထဲ့၍ချက်ထားတဲ့ ပတဲဂေါက ချွေးပုပ်ချွေးငုပ်များ ထွက်စေတာ ကြောင့် နာလန် ထစလူနာများအတွက် အထူးသင့်တော်ပါတယ်။


(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)

promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...